စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မှန်ချိုရွာ သည် မှန်ချိုတိုင်းရင်းဆေးဝါးမိသားစု၏ ကနဦး စတင်ရာနေရာဖြစ်ပါသည်။ ရှေးယခင်က “ရေးတော့အမှန်၊ ဖတ်တော့အသံ” ဆိုသည့်အတိုင်း “မဂြိုဟ်”ဟုရေး၍ “မှန်ချို” ဟုအသံထွက်ခေါ်ဝေါ်ခဲ့ကြပါသည်။ ယခုအခါတွင် “မှန်ချို”ဟုရေး၍ “မှန်ချို”ဟု ခေါ်ဝေါ်နေကြပြီ ဖြစ်ပါသည်။
မှန်ချိုတိုင်းရင်းဆေးဝါးမိသားစု၏ ပထမမျိုးဆက်ဖြစ်သည့် ကျေးဇူးရှင်မှန်ချိုဆရာတော်ကြီး ဦးပညာသည် မှန်ချိုရွာလယ်ကျောင်း၌ မြန်မာနိုင်ငံအရပ်ရပ်မှ ဝေဒနာရှင်များအား အနာပေါက်ဝေဒနာနှင့် ရောဂါအမျိုးမျိုးတို့ကို ကရုဏာရှေ့ထား၍ အခမဲ့ ကုသပေးခဲ့ပါသည်။ မှန်ချိုဆရာတော်ကြီးသည် အနာပေါက်ဝေဒနာရှင်ပေါင်းများစွာကို အသက်အန္တရာယ်မှ ကယ်တင်ကုသပေးနိုင်ခဲ့သောကြောင့် ထိုခေတ်က “အနာနှင့်ဆေးမှာ မှန်ချို၊ ဗေဒင်မှာ ကျအို” ဟုဥဒါန်းစကား ပေါ်ပေါက်ခဲ့ပြီး ကျော်ကြားခဲ့ပါသည်။
မှန်ချိုဆရာတော်ကြီးသည် မှန်ချိုတိုင်းရင်းဆေးဝါးမိသားစု၏ ဒုတိယမျိုးဆက်ဖြစ်သော တူအရင်းဖြစ်သူ ဦးဘခင်အား ဆေးပညာရပ်များကို လက်ဆင့်ကမ်း သင်ကြားပေးခဲ့ပါသည်။ ဆရာကြီး ဦးဘခင်သည် ဆရာတော်ကြီးထံ၌ စာတွေ့သင်ကြားရင်း ဆရာတော်ကြီးထံ ရောက်ရှိလာသူ ဝေဒနာရှင်ပေါင်းများစွာကို ဆရာတော်ကြီးနှင့် တွဲဖက်ကာ ကုသခဲ့ပါသည်။ ဆရာကြီး ဦးဘခင်သည် ညောင်ဦးထောင်ဆေးပေးခန်းနှင့် ကြည့်မြင့်တိုင် အရေပြားဆေးရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် တိုင်းရင်းဆေးပညာ တိုးတက်ပြန့်ပွားရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါသည်။
ဆရာကြီးဦးဘခင်၏ အရိုက်အရာကို တူရင်းတပည့် ဆရာကြီးဦးလှဌေးက မှန်ချိုတိုင်းရင်းဆေးဝါးမိသားစု၏ တတိယမျိုးဆက်အဖြစ် ဆက်လက်ခံယူ ထိန်းသိမ်းလုပ်ဆောင်ခဲ့ပါသည်။ ဆရာကြီးဦးလှဌေးသည် ငယ်စဉ်ကပင် အဘိုးဖြစ်သူ မှန်ချိုဆရာတော်ကြီး၏ ဆေးကုသမှုကို လေ့လာဆည်းပူးခဲ့ပြီး အဘဆရာကြီး ဦးဘခင်၏ ဆေးပညာအမွေအနှစ်တို့ကို ကုန်စင်အောင် ရရှိခဲ့ခြင်းကြောင့် လက်တွေ့ကုသရာ၌ အထူးကျွမ်းကျင် အောင်မြင်သူ တစ်ယောက်ဖြစ်ပါသည်။ ဆရာကြီးဦးလှဌေးသည် လက်တွေ့ ကုသချက်များကို စာတွေ့နှင့် ပေါင်းစပ်ပြီး “လက်တွေ့အနာပေါက် ကုထုံး” ဆေးကျမ်းကို ရေးသားပြုစုခဲ့ပြီး (၁၉၈၆)ခုနှစ်တွင် ကျင်းပပြုလုပ်သော တိုင်းရင်းဆေးပညာစာတမ်းဖတ်ပွဲ၌ ဆရာကတော် ဆရာမကြီးဒေါ်တင်နွယ်ဦးက ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ထို့အပြင် မှန်ချိုဆရာတော်ကြီးဦးပညာ၏ သမားကိုင်ဆေးနည်းအတိုင်း မှန်ချိုဆရာကြီးဦးလှဌေးနှင့် ဆရာမဒေါ်တင်နွယ်ဦးတို့က လက်တွေ့ကုသ အောင်မြင်ခဲ့သောဆေးများကို နည်းစနစ်တကျ မှန်ကန်စွာဖြင့် ထုတ်လုပ်ဖြန့်ချီခဲ့ပါသည်။
ယခုအခါတွင် မှန်ချိုတိုင်းရင်းဆေးဝါးမိသားစု၏ စတုတ္ထမျိုးဆက်ဖြစ်သော ဆရာကြီးဦးလှဌေး၏ မျိုးဆက်များမှ ဘိုးဘွားစဉ်ဆက် ဆေးပညာအမွေအနှစ်များကို ခေတ်မီနည်းပညာများနှင့်ပေါင်းစပ်၍ စားသုံးသူများအတွက် အရည်အသွေးပိုမိုကောင်းမွန်အောင် စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။ မှန်ချိုတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းကို (၁၉၆၈) ခုနှစ်တွင် ဝန်ထမ်း(၅)ယောက်နှင့် မိသားစုလုပ်ငန်းတစ်ခုအဖြစ် စတင် တည်ထောင်ခဲ့ပါသည်။ (၁၉၈၉)ခုနှစ်တွင် ဝန်ထမ်း(၄၀)ကျော်ဖြင့် အသေးစားလုပ်ငန်းအဖြစ် တိုးချဲ့ခဲ့ပါသည်။ (၂၀၁၈)ခုနှစ်မှစ၍ ဝန်ထမ်းပေါင်း(၁၂၀)ကျော်ဖြင့် ကုမ္ပဏီလီမီတက် တစ်ခု အနေဖြင့်အသွင်ပြောင်းခဲ့ပါသည်။ (၂၀၁၉)ခုနှစ်တွင် Quality Control Department နှင့် ကိုယ်ပိုင်ဓါတ်ခွဲခန်းကို တည်ထောင်ပြီ: နဂိုအရည်အသွေး ကောင်းမွန်သော မှန်ချိုတိုင်းရင်းဆေးဝါးများ၏ အရည်အသွေးကို ထပ်မံမြှင့်တင်ခဲ့ပါသည်။ စက်ရုံသည် 2023 ခုနှစ်၊ ဖေဖော်ဝါရီလတွင် Bureau Veritas Certification (Thailand Ltd.) ISO 9001:2015 (Quality Management System) အသိမှတ်ပြုလက်မှတ် ရရှိခဲ့ပါသည်။ လက်ရှိတွင် စက်ရုံသည် ISO 9001:2015 နှင့် ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) စံနှုန်းအောက်တွင် လည်ပတ်လျက်ရှိပါသည်။